ဘာကြောင့်လိုအပ်သလဲ

ခေတ်သစ် ဒစ်ဂျစ်တယ်အခွင့်အရေးများအတွက် အာမခံနိုင်ရန်

“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေး ကြေညာစာတမ်းပေါ်ပေါက်ရေးဆိုင်ရာ”

ဆွေးနွေးချက်


အကျဉ်းချုပ်

(၁) နိဒါန်း

(၂) မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းတွေ့မြင်ခဲ့ရသော ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များ

 ၂.၁ အင်တာနက် ဖြတ်တောက်ခံရမှု အခြေအနေများ

 ၂.၂ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်အပေါ် ကန့်သတ်ခံရမှုအခြေအနေများ 

 ၂.၃ ဒစ်ဂျစ်တယ်ပလက်ဖောင်းများအား ဟန့်တားနှောင့်ယှက်မှုအခြေအနေများ

 ၂.၄ ဒစ်ဂျစ်တယ်ရပ်ဝန်းနှင့် ကျား/မတန်းတူညီမျှရေးဆိုင်ရာပြဿနာများ

(၃) ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အဆိုပြုချက်မူဘောင်များ

 ၃.၁ အင်တာနက် ဆိုင်ငံ့/ပိတ်ပင်မှုကို တားဆီးရေး 

 ၃.၂ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် 

 ၃.၃ လွတ်လပ်စွာ သတင်းအချက်အလက် ရယူမျှဝေနိုင်ခွင့် 

 ၃.၄ ပုဂ္ဂလိက အချက်အလက် လုံခြုံရေး 

 ၃.၅ ဒစ်ဂျစ်တယ်သိမြင်နားလည်တတ်မြောက်မှု

 ၃.၆ ကိုယ်ရေးကိုယ်တာအခွင့်အရေးများ

 ၃.၇ ကျား/မတန်းတူညီမျှခွင့်နှင့်ဒစ်ဂျစ်တယ်အခွင့်အရေးများ

(၄) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ 

 ၄.၁ မူဝါဒဆိုင်ရာ တစ်ပြေးညီမှုရှိစေရေး

 ၄.၂ အစုအဖွဲ့များ ပေါင်းစည်းမှုရှိစေရေး

 ၄.၃ ပိုင်ဆိုင်မှု 

 ၄.၄ အများပြည်သူအား အသိပေးခြင်း

 ၄.၅ နိုင်ငံတကာ အသိုက်အဝန်းထံ ဖြန့်ဝေခြင်း

(၅) ရင်ဆိုင်ကြုံတွေ့နိုင်ရခြေရှိသော ပြဿနာများနှင့်ဖြေရှင်းချက်များ

(၆) နိဂုံး

ခေတ်သစ် ဒစ်ဂျစ်တယ်အခွင့်အရေးများအတွက် အာမခံနိုင်ရန်

“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေး ကြေညာစာတမ်းပေါ်ပေါက်ရေးဆိုင်ရာ”

ဆွေးနွေးချက်

 

အကျဉ်းချုပ်

ဒစ်ဂျစ်တယ်ခေတ်တွင် လူတစ်ဦးခြင်းစီ၏ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးအတွက် မိမိ တို့သည် တိုင်းပြည်၏လက်ရှိဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များအားလေ့လာပြီး ယင်းဖိနှိပ်မှုများကို တုံ့ပြန်ကာကွယ် နိုင်ရေးအတွက် “မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”တစ်ခုပေါ်ပေါက်ရန်လိုအပ်ကြောင်း ဆွေးနွေး ထားသည်။ လက်ရှိဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း တွေ့ကြုံရသည့်စိန်ခေါ်မှုများကို စူးစမ်းလေ့လာကာ ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာမူဘောင်တစ်ခုကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဖော်ဆောင်မှုဆိုင်ရာဗျူဟာများကို ဖော်ပြထားသည်။ ယင်းရည်ရွယ်ချက်မှာ ယနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းကာလနှင့်တော်လှန်ရေးကာလအ လွန်တွင် ပေါ်ထွန်းမြင်တွေ့ရမည့် နိုင်ငံသစ်အတွက်အရေးပါမည့် ဒစ်ဂျစ်တယ်အခွင့်အရေးများနှင့်စံနှုန်းများကို “မြန်မာ့လူမှုအဖွဲ့အစည်း”အတွက် အကာအကွယ်ပေးနိုင်ရေးနှင့်မြှင့်တင်ပေးနိုင်ရေးများကို ထောက်ခံအားပေးနိုင် ရန်ဖြစ်သည်။

 

(၁) နိဒါန်း 

ကမ္ဘာလုံးဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်တာနက်နည်းပညာအသုံးချမှုသည် မြန်မာနိုင်ငံနေ ရာဒေသအသီးသီးတွင် နေထိုင်ကြသော လူတန်းစားအလွှာပေါင်းစုံ၏လူနေမှုဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ ဆက်သွယ်ရေးကဏ္ဍများနှင့်နေ့စဉ်ပိုမိုထိတွေ့ ချိတ်ဆက်လာလျက်ရှိသည်။ ထိုသို့ချိတ်ဆက်လာမှု ကြောင့် နေ့စဉ်လူနေမှုဘဝအတွင်း ပိုမိုကောင်းမွန်အဆင်ပြေစေသော သိသာထင်ရှားသည့်အပြောင်းအလဲများ အားယူဆောင်လာသော်လည်း မြန်မာ့ဒစ်ဂျစ်တယ်နယ်ပယ်အတွင်း လူတစ်ဦးခြင်းစီ၏ဒစ်ဂျစ်တယ်အခွင့်အရေး များကို အကာအကွယ်ပေးခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်စရာအခြေအနေများ သိသိသာသာဖြစ်ပေါ်လာခဲ့ သည်။

အင်တာနက်ဖြတ်တောက်ခံရမှု၊ သတင်းအချက်အလက်ရပိုင်ခွင့်အပေါ် ကန့်သတ်ခံရမှု၊ လူတစ်ဦးခြင်းစီ ၏ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုအပေါ် ထိပါးခံရမှု၊ အင်တာနက်ပေါ်မှ ပြောဆိုမှုများအပေါ် စောင့်ကြည့်အရေးယူ ခံရမှု၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများအား ဟန့်တာနှောင့်ယှက်မှု စသည့်ဖြစ်စဉ်များသည် မြန်မာ့ဒစ်ဂျစ်တယ်ရပ် ဝန်း၏အတိတ်နှင့်ပစ္စုပ္ပန်တွင် သိသာထင်ရှားစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ယနေ့မြန်မာ့နိုင်ငံရေးအခင်းအ ကျင်းကာလနှင့် တော်လှန်ရေးကာလအလွန်တွင် ပေါ်ထွန်းမြင်တွေ့ရမည့် နိုင်ငံသစ်တွင် အခြေခံဒစ်ဂျစ်တယ်အ ခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရေးအတွက်“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”တစ်ခုကို မဖြစ်အနေအကောင်အထည်ဖော်ရန် လိုအပ်နေသည်။ 

 

(၂) မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း တွေ့မြင်ခဲ့ရသည့် ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များ 

ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူမှုဘဝအတွင်း ကောင်းမွန်းသည့် အကျိုးကျေးဇူးများစွာ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူများအပေါ် ဒစ်ဂျစ်တယ်အခွင့်အရေးကို ထိခိုက်စေ သည့် ပြဿနာများလည်းအများအပြား ရှိနေသည်။ 

 ၂.၁ အင်တာနက် ဖြတ်တောက်ခံရမှုအခြေအနေများ 

 ဦးသန်းရွှေ စစ်အစိုးရလက်ထက်၌ ကုန်စျေးနှုန်းကျဆင်းရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရေး၊ ဒေါ် အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးများကို တောင်းဆိုခဲ့သည့် ၂၀၀၇ ခုနှစ်​ ရွှေဝါ ရောင်တော်လှန်ရေးကာလအတွင်း စစ်တပ်၏ဆန္ဒပြလူထုအပေါ် ဖိနှိပ်ဖြိုခွဲမှုဓာတ်ပုံများ၊ ဗီဒီယိုများအား ကမ္ဘာ့မီ ဒီယာများသို့ ရောက်ရှိနေမှုကို ကာကွယ်ရန်အတွက် အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ခဲ့သည်။ 

၂၀၁၉ ခုနှစ် ဇွန်လ(၂၁)ရက်နေ့မှ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလအထိ လုပ်ဆောင်ခဲ့သည့် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ မြို့နယ်(၈)မြို့နယ်တွင်လုပ်ဆောင်ခဲ့သော အင်တာနက်ဖြတ်တောက်မှု သည် ကမ္ဘာ့အကြာမြင့်ဆုံး  အင်တာနက်ဖြတ်တောက်မှုများအနက်မှတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အင်တာနက်ဖြတ်တောက်မှု(၆)ကြိမ်ပြုလုပ်ခဲ့ပြီး နေရာဒေသအကန့်အသတ်ဖြင့် အင်တာနက်ဖြတ်တောက် မှုပြုလုပ်ခဲ့သည့် အင်တာနက်ဖြတ်တောက်မှုအကြိမ်အရေအတွက်မှာ အနည်းဆုံးအကြိမ်ရေ(၂၇၉)ကြိမ်အထိ ရှိခဲ့ သည်။ ၂၀၂၄ ခုနှစ် မတ်လအတွင်းထုတ်ပြန်ခဲ့သော အသံအဖွဲ့၏အစီအရင်ခံစာရ လက်ရှိအချိန်၌ မြို့နယ်ပေါင်း (၈၀)ကျော်တွင် အင်တာနက်ပြတ်တောက်မှုကို ခံစားနေရသည်ဟု သိရသည်။

၂.၂ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းအချက်အလက်ရပိုင်ခွင့်အပေါ်  ကန့်သတ်ခံရမှုအခြေ အနေများ 

အင်တာနက်ပေါ်၌ လွတ်လပ်စွာ ရေးသားထုတ်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်များအား ထိန်းချုပ် ကန့်သတ်မှုပြုလုပ်သော ဖြစ်စဉ်များစွာသည် မြန်မာနိုင်ငံ၌ ရှိခဲ့သည်။ 

ထိုသို့ပြုလုပ်ရာတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ(၂၀၀၄)၊ ဆက်သွယ်ရေးဥပဒေ (၂၀၁၃)၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ(၁၉၂၃)စသောဥပဒေများကိုအသုံးပြုပြီး ဥပဒေကြောင်းအရ ဖိနှိပ်မှုများပြုလုပ်သည်ကို တွေ့ရသည်။ 

ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့အား ၂၀၂၇ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကိုအသုံးပြုပြီး ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သည်။ 

ဆက်သွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ(၆၆)အား လက်ကိုင်ပြု၍ လူမှုကွန်ရက်ပေါ်တွင် ပြော ဆိုရေးသားမှုများကို တရားစွဲဆိုသည့်ဖြစ်စဉ်များစွာရှိခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံအားပြောဆိုမှုကြောင့် ကြား လူက တရားစွဲဆိုသည့်ဖြစ်စဉ်(၈)ခု၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထပ်တွင် ယင်းပုဒ်မအား အသုံးပြုတရားစွဲဆိုမှု(၇) မှုနှင့်ဒီချုပ်အစိုးရလက်ထက်တွင်(၆၁)မှု အနည်းဆုံးရှိခဲ့သည်။ ယင်းဥပဒေဖြင့် သတင်းသမားများအပါအဝင် လူမှု ကွန်ရက်သုံးစွဲသူအများအပြားသည် တရားစွဲဆိုခံခဲ့ရသည်။ 

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေမှာလည်း အင်တာနက်ပေါ်မှ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုမှုများအပေါ်ဖိနှိပ်ရာတွင် အသုံးပြုခဲ့သည့် နာမည်ကျော်ဥပဒေတစ်ရပ်ဖြစ်သည်။ အီလက်ထ ရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ၂၀၀၄ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်ပြင်ဆင် ခဲ့သည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ယင်းဥပဒေကို ဒုတိယအကြိမ်ထပ်မံပြင်ဆင်ခဲ့ သည်။ ထိုဥပဒေသည် လွတ်လပ်စွာရေးသားထုတ်ပြောဆိုခွင့်ကို ထိခိုက်စေကြောင်း ဝေဖန်သူများက ထောက်ပြ ခဲ့ကြသည်၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နှင့်နန်းမွေစံတို့အား ယင်း ဥပဒေဖြင့် ဖမ်းဆီးအရေးယူခဲ့သကဲ့သို့အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများကိုလည်း ယင်းဥပဒေအသုံးပြုပြီး အ ရေးယူမှုများ ရှိခဲ့သည်။ 

လူထု၏ပြောဆိုလှုပ်ရှားမှုများအား အပြည့်အဝစောင့်ကြည့်နိုင်ရေးအတွက် အာဏာသိမ်းကာလနောက် ပိုင်း မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်နေသည့်တယ်လီကွန်းများအား ကြားဖြတ်ဖမ်းယူရေးစက်များ တပ် ဆင်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။ သက်သေအနေဖြင့် ကြားဖြတ်ဖမ်းယူရေးစက်များမတပ်ဆင်လို၍ မြန်မာနိုင်ငံမှထွက်ခွာခြင်းဖြစ်သည်ဟု တယ်လီနော်မြန်မာ(Telenor Myanmar)က ထုတ်ဖော်ပြောကြားခဲ့သည် ကို တွေ့ရသည်။ 

ထို့အပြင် အာဏာသိမ်းကာလနောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား(၂၁၀)ဦးနှင့်ဖမ်းဝရမ်း ထုတ်ခံရသည့် သတင်းသမား(၅၄)ဦး ရှိခဲ့သည်ထုတ်ဝေခွင့်လိုင်စစ် ပိတ်သိမ်းခြင်းနှင့်သတင်းသမားများကို ဖမ်း ဆီးခြင်းများကြောင့် ဆဲဗင်းဒေး(7 Days)နှင့်သည်ဗွီုက်(The Voice)စသည့်သတင်းဌာနများအပါအဝင် သတင်း မီဒီယာအများအပြား ရပ်နားသွားခဲ့ရပြီး အချို့သောသတင်းဌာနများသည် ပြည်ပတွင်အခြေစိုက်ကာ သတင်းမီဒီ ယာလုပ်ငန်းအား ဆက်လက်လည်ပတ်နိုင်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်။ 

၂.၃ ဒစ်ဂျစ်တယ် ပလက်ဖောင်းများအား ဟန့်တားနှောင့်ယှက်မှုအခြေအနေများ

လက်ရှိ မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်အခင်းအကျင်းတွင် လူတစ်ဦးချင်းစီ၏ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ပြောဆို ဆက်သွယ်မှုများကို စောင့်ကြည့်ရုံသာမက လူမှုကွန်ရက်လက်ဖောင်းများ၊ သတင်းမီဒီယာဝက်ဆိုက်စာမျက်နှာ များနှင့် အခြားသော ဝက်ဆိုက်စာမျက်နှာများကိုပါ အလွယ်တကူဝင်ရောက်သုံးစွဲခွင့်မရစေရန် ဟန့်တားနှောင့် ယှက်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ 

ထိုသို့ အင်တာနက်ပေါ်မှဝန်ဆောင်မှုများအား ပိတ်ပင်သည့်ဖြစ်စဉ်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးကာလကပင်ရှိခဲ့သည်။ ယင်းကာလက ဘလော့ခ်(Blog)ပလက်ဖောင်းအား ပိတ်ပင်ခဲ့ဖူးသည်။

အာဏာသိမ်းကာလနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်သုံးစွဲသူများအား သ တင်းအချက်အလက်များသိရှိရေးနှင့်ဆက်သွယ်ရေးတို့ကို ဟန့်တားနှောင့်ယှက်နိုင်ရေးအတွက် အင်တာနက်ပေါ် မှဝန်ဆောင်မှုများကို ပိတ်ပစ်ခြင်းများအား ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာတွင် ဖေ့ဘွတ်ခ့်(Facebook)၊ တွစ်တာ(Twitter)၊ အင်စတာဂ ရမ်(Instagram)စသည့်  လူသုံးများသောလူမှုကွန်ရက်ပလက်ဖောင်းများအား အာဏာသိမ်းစစ်တပ်က ပိတ်ပင်ခဲ့ သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် စစ်ကောင်စီသည် ဗီပီအဲန်(VP​N)အသုံးပြုမှုအပါအ ဝင် ဒစ်ဂျစ်တယ်အသုံးပြုမှုများအပေါ် ကန့်သတ်ချက်များစွာပါဝင်သည့် ဆိုက်ဘာ(Cyber Law)ဥပဒေမူကြမ်းကို ရေးဆွဲထုတ်ပြန်လာခဲ့သည်။ ယင်းဥပဒေသည် ပြဋ္ဌာန်းသည့်အဆင့်ကို မရောက်ရှိခဲ့ဘဲ မြန်မာနိုင်ငံအတွင်းရှိ အင် တာနက်သုံးစွဲသူများအနေဖြင့်လည်း စစ်ကောင်စီပိတ်ပင်ထားသည့်လူမှုကွန်ရက်ပလက်ဖောင်းများအား ဗီပီအဲန် (VPN)အသုံးပြု၍ ဆက်လက်အသုံးပြုလာခဲ့သည်။ ၂၀၂၄ ခုနှစ် မေလ(၃၀)ရက်နေ့တွင် စစ်ကောင်စီသည် အင် တာနက်အသုံးပြုသူ အများစုအသုံးပြုနေသည့် ဗီပီအဲန်(VPN)များကို တိုးမြှင့်ပိတ်ပင်မှုများ လုပ်ဆောင်လာခဲ့ သည်

၂.၄ ဒစ်ဂျစ်တယ်ရပ်ဝန်းနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာပြဿနာများ  

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်တန်းတူညီမျှရေးဆိုင်ရာအခြေအနေများတွင် ကျား/မ တန်းတူညီမျှမှုပြဿနာသည် လည်း အခြေခံပြဿနာတစ်ခုအဖြစ် ပါဝင်နေသည်ကိုတွေ့ရသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လက LirneAsia အဖွဲ့၏ ထုတ်ပြန်ခဲ့သော အခြေခံစစ်တမ်းအရ မိုဘိုင်းဖုန်းလုံးဝမသုံးစွဲဖူးသူ အမျိုးသမီးအရေအတွက်သည် အမျိုးသား များနှင့်နှိုင်းယှဉ်ပါက (၅)ရာခိုင်နှုန်းကွာဟနေသည်ကို တွေ့ရသည်။ GSMA ၏ ၂၀၁၆ ခုနှစ် စစ်တမ်းအရ အမျိုး သမီးများ၏မိုဘိုင်းဖုန်းပိုင်ဆိုင်မှုအချိုးအစားသည် အမျိုးသားများနှင့်နှိုင်းယှဉ်ပါက(၂၉)ရာခိုင်နှုန်း ကွာဟနေသည် ကို တွေ့ရသည်။ အထက်ပါအချက်အလက်များကို သုံးသပ်ကြည့်ပါက အမျိုးသားများနှင့်အမျိုးသမီးများ၏ဒစ် ဂျစ်တယ်ပစ္စည်းပိုင်ဆိုင်မှုနှင့်သုံးစွဲမှုဆိုင်ရာ အချိုးအစားကွာခြားချက်ကြီးမားမှုတစ်ခုဖြစ်နေသည်ကို တွေ့မြင်နိုင် သည်။

ထိုသို့ ဒစ်ဂျစ်တယ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများသာမက ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း အမျိုးသ မီးများအပေါ် ဦးတည်တိုက်ခိုက်သည့် ပြဿနာများလည်း များစွာရှိနေသည်ကို တွေ့ရသည်။ စစ်အာဏာသိမ်း ကာလနောက်ပိုင်းတွင် ဖမ်းဆီးခံရသော အမျိုးသမီးများ၏မိုဘိုင်းဖုန်းများအား စစ်ဆေးပြီးနောက် ရရှိလာသည့် လိင်ပိုင်းဆိုင်ရာထိခိုက်စေသည့်ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ဖြန့်ဝေခြင်း၊ အာဏာရှင်တော်လှန်ရေးအားပေး ထောက်ခံသည့်အမျိုးသမီးများ၏လူမှုကွန်ရက်မီဒီယာအကောင့်များကိုရှာဖွေပြီး လိင်အသားပေးဓာတ်ပုံများဖြင့် ပုံဖျက်ဖော်ပြခြင်းစသည့် အမျိုးသမီးများအား ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရ သည်။ “Myanmar Witness”အဖွဲ့အနေဖြင့် “Telegram Post”ပေါင်း(၁.၆)မီလီယံအား လေ့လာပြီးနောက် အ မျိုးသမီးများအပေါ် နိုင်ငံရေးအရ ဖိနှိပ်မှု၊ အွန်လိုင်းအနိုင်ကျင့်မှု အခြေအနေများသည် အာဏာသိမ်းစကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် (၅)ဆခန့်ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟုဆိုသည်။ အမျိုးသမီး များအား ပစ်မှတ်ထားထိခိုက်စေသည့်အကြောင်းအရာများပါဝင်သည့်ကိစ္စရပ်များ လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံ့ မှုနှုန်းသည် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက အဆ(၅၀၀)ခန့်ပိုများနေကြောင်း ယင်းစစ်တမ်းက ဆိုသည်။ ထိုသို့အ မျိုးသမီးများအပေါ် ဦးတည်တိုက်ခိုက်ခံရသည့်ဖြစ်ရပ်များ၏(၈၃)ရာခိုင်နှုန်းခန့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုထောက်ခံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ကိုထောက်ခံသည့် အမျိုးသမီးများဖြစ် သည်ဟု ဖြည့်စွက်ထားသည်ကို တွေ့ရသည်။ 

မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းရှိ အင်တာနက်သုံးစွဲနေသူအမျိုးသမီးများကို နိုင်ငံတကာဖြင့်နှိုင်းယှဉ် ကြည့်မည်ဆိုပါက အွန်လိုင်းပေါ်တွင် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများ ပိုမိုများပြားနေသည်ကို တွေ့ရမည်။ ထို့အ ပြင် ယုံကြည်ချက်ကြောင့် ဦးတည်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များလည်း ထင်ထင်ရှားရှားဖြစ်ပေါ်နေသည်ကို တွေ့ ရသည်။

(၃) ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အဆိုပြုချက်မူဘောင်များ

ကျွန်ုပ်တို့အနေဖြင့် အတိတ်နှင့်ပစ္စုပ္ပန်တွင် ကြုံတွေ့နေရသည့် ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာပြဿနာများကို ကိုင် တွယ်ဖြေရှင်းနိုင်ရန်အတွက်အောက်ပါအခြေခံမှုများပါဝင်သည့် မြန်မာ့ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နှင့်အခွင့်အရေး ဆိုင်ရာမူဘောင်တစ်ခုကို အဆိုပြုသည်။ 

၃.၁ အင်တာနက် ဆိုင်းငံ/ပိတ်ပင်မှုကို တားဆီးရေး 

အင်တာနက်သည့် ယနေ့လူမှုအဖွဲ့အစည်း၏အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်နှင့်အညီ အင်တာနက်ပိတ်ပင်မှု များအား လုပ်ဆောင်ခြင်း မပြုလုပ်ရပါ။

၃.၂ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် 

မိမိ၏ထင်မြင်ယူဆချက်များကို မည်သည့်အနှောင့်အယှက်ကိုမျှ ကြောက်ရွံ့စိုးထိတ်ဖွယ်မလိုဘဲ အင်တာနက် ပေါ် တွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ရှိရမည်။

၃.၃ လွတ်လပ်စွာ သတင်းအချက်အလက် ရယူမျှဝေပိုင်ခွင့် 

လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ နေရာဒေသနှင့်လိင်စိတ်တိမ်းညွှတ်မှုအစရှိသောမည်သည့်ခွဲခြား မှုနှင့် ခွဲခြားဆက်ဆံမှုများမှမပါဘဲ အင်တာနက်နှင့်ဒစ်ဂျစ်တယ်ရင်းမြစ်များကို သာတူညီမျှ ရယူမျှဝေပိုင်ခွင့်ရှိရ မည်။ 

၃.၄ ပုဂ္ဂလိက အချက်အလက် လုံခြုံရေး 

ကိုယ်ရေးကိုယ်တာအချက်အလက်များအား ချိုးဖောက်မှုများနှင့်ဆိုက်ဘာတိုက်ခိုက်မှုများမှကာကွယ်ရန် ခိုင်မာ သောအစီအမံများကို အကောင်အထည်ဖော်ခွင့် ရှိရမည်။ 

၃.၅ ဒစ်ဂျစ်တယ်သိမြင်နားလည် တတ်မြောက်မှု

ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဘေးကင်းလုံခြုံစွာနှင့်ထိထိရောက်ရောက်သွားလာနိုင်ရန် ဒစ်ဂျစ်တယ်တတ်မြောက် မှုကို မြှင့်တင်လုပ်ဆောင်ပေးရမည်။ 

၃.၆ ကိုယ်ရေးကိုယ်တာအခွင့်အရေးများ

သုံးစွဲသူတစ်ဦးခြင်းအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းချုပ်ပိုင်ခွင့်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အချက်အလက်(Data)စုဆောင်းခြင်းနှင့်အလွဲသုံးစားလုပ်ခြင်းမှ အကာအကွယ်ပေးပိုင်ခွင့် ရှိရမည်။ 

၃.၇ ကျား/မတန်းတူညီမျှခွင့်နှင့် ဒီဂျစ်တယ်အခွင့်အရေးများ

ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ စဉ်းစားချက်များတွင် အမျိုးသမီးများ(သို့မဟုတ်)လိင်စိတ်ကွဲပြားသူများအပေါ် ပစ်မှတ်ထားသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို အကာအကွယ်ပေးရန်နှင့်ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း တန်းတူညီမျှ စွာရပ်တည်နိုင်ရေးအတွက် အခြေအနေကောင်းများကိုပါ ဖန်တီးပေးရမည်။

(၄) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ 

“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”ကို ထိရောက်စွာ လက်ခံကျင့်သုံးမှုနှင့်လိုက်နာမှုများရှိ နေစေ ရေးအတွက် ကျွန်ုပ်တို့သည် အောက်ပါလုပ်ငန်းစဉ်အား အကြံပြုပါသည်။ 

၄.၁ မူဝါဒဆိုင်ရာ တစ်ပြေးညီမှုရှိစေရေး

“ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”တွင်ပါဝင်မည့် အချက်အလက်များသည် နိုင်ငံတကာဒစ်ဂျစ်တယ် အခွင့်အရေးများနှင့်ကိုက်ညီမှုရှိပြီး ယနေ့ကြုံတွေနေရသည့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာပြဿနာများကို ထိ ရောက်စွာတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ယခုစာတမ်း၏အဆိုပြုချက်မူဘောင်အခန်းပါ အချက်အလက်များဖြင့် ချိန်ညှိလုပ်ဆောင်သင့်သည်။ 

၄.၂ အစုအဖွဲ့များ ပေါင်းစည်းမှုရှိစေရေး

ကြေညာစာတမ်းရေးဆွဲအကောင်အထည်ဖော်ရာတွင် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာကျွမ်းကျင်သော အစုအဖွဲ့ များက ဦးဆောင်ရေးဆွဲသင့်သည့်။ ထို့နောက်တွင် အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီး ကဏ္ဍအသီးသီးမှ ကလေးများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ ကိုယ်စားပြုအဖွဲ့များမှ သွင်းအားစုများကို ထည့်သွင်းစဉ်းစားသင့်သည်။ ထို့အပြင် ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုရှိစေရန် နည်းပညာကျွမ်းကျင်သူများ၏ အကြံပြုချက်များကို ပေါင်းစပ်ထည့်သွင်းသင့်သည်။ အောက်ခြေအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ထည့်သွင်းပြုလုပ်သင့်သည်။

၄.၃ ပိုင်ဆိုင်မှု

ယင်း“ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”သည် အစုအဖွဲ့တစ်ခု (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏သီးခြား သဘောထားရပ်တည်ချက်အရ လုပ်ဆောင်ခြင်းမဖြစ်သင့်ပါ။  ထို့ကြောင့် ယင်းကြေညာစာတမ်းအား သဘောတူလက်ခံသည့် အစုအဖွဲ့များစုပေါင်းထုတ်ပြန်ပြီး စုပေါင်းပိုင်ဆိုင်ခွင့်ရှိသင့်သည်။ 

၄.၄ အများပြည်သူအား အသိပေးခြင်း 

ကြေညာစာတမ်းအတွက်ပါဝင်သော အဖွဲ့အစည်းများသည် ဒစ်ဂျစ်တယ်ရပိုင့်ခွင့်အခွင့်အရေးများအား လူထုအ နေဖြင့်ပိုမိုသိရှိနိုင်ရန်အတွက် မိမိတို့တတ်နိုင်သမျှနည်းလမ်းဖြင့် လူထုထံမျှဝေမှုများ လုပ်ဆောင်သင့်သည်။ 

၄.၅ နိုင်ငံတကာ အသိုက်အဝန်းသို့ ဖြန့်ဝေခြင်း 

မိမိနိုင်ငံ/ဒေသ၏အခြေအနေအား နိုင်ငံတကာဒစ်ဂျစ်တယ်အသိုက်အဝန်းမှပိုမိုသိရှိနိုင်စေရေးအတွက် ယင်းကြေ ညာစာတမ်းကို နိုင်ငံတကာအဖွဲ့အစည်းများထံသို့ပါ ပေးပို့ဖြန့်ဝေသင့်သည်။ 

(၅) ရင်ဆိုင်ကြုံတွေ့နိုင်ရခြေရှိသော ပြဿနာများနှင့် ဖြေရှင်းချက်များ 

“ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”ပါ နိုင်ငံသားအားလုံး၏မူလဘူတရပိုင်ခွင့်များ အပြည့်အဝရရှိနိုင်စေ ရေးအတွက် သက်ဆိုင်ရာနိုင်ငံရေးအင်းအားစုများအား တိုက်တွန်းမှုနှင့် အကောင်အထည်ဖော်မှုများ ဆောင်ရွက် ရာတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအပြောင်းအလဲ များသည် အဓိကစိန်ခေါ်ချက်ဖြစ်နေသည်။  လွှမ်းမိုးနယ်မြေများအရ ဒေသအလိုက်အုပ်ချုပ်ရေးယန္တရားအ ကောင်အထည်ဖော်ဆောင်နေသော မတူကွဲပြားသည့်အခြေအနေများသည် “ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာ စာတမ်း”ပါ ဒစ်ဂျစ်တယ်အခွင့်အရေးများအား နိုင်ငံသားတိုင်းအပြည့်အဝရရှိနိုင်ရေးအတွက် ကြီးမားသောစိန် ခေါ်ချက်ဖြစ်သည်။ သို့သော် အားသာချက်တစ်ခုအနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် လွှမ်းမိုးနယ်မြေ အလိုက်အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ဆောင်နေသည့်အစုအဖွဲ့များ တည်ရှိရာဒေသများသည် ဆက်သွယ်ရေးပြတ်တောက်မှု၏ဒဏ်ကို အကြီးအကျယ်ခံစားထားရသော နေရာများဖြစ်ပြီး အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်၏ပကတိတန်ဖိုးသည် လူထုအတွက်အလွန်အရေးပါသည်ကို ကောင်းစွာနားလည်ထား သူများဖြစ်သည်။ 

“ဒစ်ဂျစ်တယ်အခွင့်အရေးကြေညာစာတမ်း”ပါ ဒစ်ဂျစ်တယ်အခွင့်အရေးများအား နိုင်ငံသားတိုင်းအပြည့် အဝရရှိနိုင်ရေးအတွက်အားထုတ်ရာတွင် တိုင်းရင်းသားဒေသများတွင် အုပ်ချုပ်ရေးအကောင်အထည်ဖော်ဆောင် နေသူများ၊ လွှမ်းမိုးနယ်မြေအလိုက်အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ဆောင်နေသည့် အစုအဖွဲ့များ ၏ကဏ္ဍသည် အလွန်အရေးပါသည်။ ယင်းအင်အားစုများအား ဖက်ဒရယ်နိုင်ငံသစ်၏အုပ်ချုပ်ရေးစီရင်စုတွင် အ ရေးပါသောအင်အားစုများအနေဖြင့်ရှုမြင်ပြီး လူထုအတွက် အကောင်းဆုံးသော ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင် ရာရပိုင်ခွင့်များကို မြှင့်တင်ရေးအတွက် လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။ ထို့အပြင် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများ၊ အင်အားစုများနှင့်ပူးပေါင်းပြီး လူထု၏ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို မြှင့်တင် ခြင်းနည်းလမ်းများသည် လက်ရှိအခင်းအကျင်းတွင် အဓိကနှင့်လက်တွေ့ကျသည့်ဖြေရှင်းချက်များ ဖြစ်ပါသည်။ 

(၆) နိဂုံး

မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများရှိခဲ့သလို အာဏာသိမ်းကာ လနောက်ပိုင်းတွင်လည်း ဆိုးရွားသည့်ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရပါသည်။ ဒစ်ဂျစ်တယ် အခွင့်အရေးသည့် ခေတ်သစ်လူဘောင်တွင် လူ့အခွင့်အရေးကဲ့သို့ လူသားအားလုံးထိုက်တန်စွာ ခံစားခွင့်ရှိသည့် အခွင့်အရေးများဖြစ်ရာ တော်လှန်ရေးအလွန်နိုင်ငံသစ်နှင့် တော်လှန်ရေးအင်အားစုများ စိုးမိုးရာဒေသများတွင် ယင်းဖိနှိပ်မှုများကင်းစင်ရေးသည် အလွန်အရေးကြီးပါသည်။ ထိုသို့ကင်းစင်ရေးအတွက် လူတစ်ဦးချင်းစီ၏အ ခွင့်အရေးကိုကာကွယ်ရန် ခိုင်မာသောမူဘောင်တစ်ခုထားရှိရေး အရေးကြီးပါသည်။ အဆိုပြုထားသည့် ဒစ်ဂျစ် တယ်အခွင့်အရေးကြေညာစာတမ်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ် ရပ်များကို သမိုင်းတွင်ထားရစ်ခဲ့နိုင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာ၏အကျိုးကျေးဇူးကို လူတိုင်းရရှိနိုင်ရန်နှင့်ဒစ်ဂျစ် တယ်ရပ်ဝန်းအတွင်း လူတစ်ဦးခြင်းစီ၏ရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်ရန်အရေးကြီးသော ကြေညာစာတမ်း ဖြစ်သည်။ ထို့ကြောင့် ယင်းမူဘောင်အား သက်ဆိုင်ရာအစုအဖွဲ့များက ပံ့ပိုးကူညီ၍ အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့သည် လေးစားစွာ တောင်းဆိုလိုက်သည်။

Digital Rights Myanmar

Recent Posts

Recent Comments

No comments to show.